ယူနီကုဒ်စံမြန်မာစာ စာလုံးပေါင်းနည်း
ကွန်ပျူတာတွေ ဖုန်းတွေမှာ ယူနီကုဒ်စံစနစ်ကိုသုံးစွဲနိုင်ဖို့ လုပ်ပြီးကြတဲ့အခါမှာ စတင်ပြီးအခက်တွေ့ကြတာက စာရိုက်နည်းပါ။ ယခင်တုန်းက ဝင်းအင်းဝ၊ ဇော်ဂျီစတဲ့ဖောင့်တွေနဲ့စာရိုက်ကြတဲ့အခါမှာ လက်ဝဲဘက်ကနေ လက်ယာဘက်ကို အစဉ်အတိုင်း မြင်တာကိုအရင်ရိုက်ခဲ့ကြရပါတယ်။ ဥပမာ ကြွေး ဆိုပါစို ရရစ်ကို အရင်ရိုက်ပြီးမှ ကကြီးကိုရိုက်ပါတယ်။ အခု ပြောင်းလဲသုံးစွဲကြမယ့် ယူနီကုဒ်စံမြန်မာစာစနစ်မှာကြတော့ အဲလို အရင်မြင်ရတာ အရင်ရိုက်လို့မရတော့ပါဘူး။ မြန်မာစာသတ်ပုံရေးထုံးအစဉ်ကို လိုက်နာပြီး စာရေးရပါတော့မယ်။ မြန်မာစာသတ်ပုံအစဉ်ကို အောက်ပါအတိုင်းမှတ်ကြပါ။
ဗျည်း ဗျည်းတွဲ သရ သရသတ် သံပြောင်းပြ
ဗျည်းကို မြန်မာစာတွင် ကကြီးမှအအထိဟု အလွယ်မှတ်နိုင်ပါတယ်။
ဗျည်းတွဲဆိုတာကတော့ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး တို့ဖြစ်ပြီး ပင့်ရစ်ဆွဲထိုး လို့အလွယ်မှတ်နိုင်ပါတယ်။
သရ ကတော့ အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အံ၊ အို တို့ဖြစ်ပြီး အစဉ်အတိုင်းသွားပါတယ်။ ဝိုက်ချ(မောက်ချ)၊ လုံးကြီးတင်၊ လုံးကြီးတင်ဆံခတ်၊ တစ်ချောင်းငင်၊ နှစ်ချောင်းငင်၊ သဝေထိုး၊ နောက်ပစ်၊ သဝေထိုးရေးချ၊ သဝေထိုးရေးချငသတ်၊ သေးသေးတင်၊ တစ်ချောင်းငင်လုံးကြီးတင်လို့လည်းမှတ်နိုင်ပါတယ်။
သရသတ်ဆိုတာကတော့ သရကိုသတ်သည့်အသံဖြစ်ပါတယ်။ ယေဘူယျအားဖြင့် ဗျည်းနောက်တစ်လုံးအပေါ်တွင် အသတ်ပေါင်းထည့်ခြင်း သို့မဟုတ် ဗျည်းအောက်တွင် ဝိရာမအက္ခရာသုံး၍ ပါဌ်ဆင့်ခြင်းတို့ဖြင့် သရသံကိုသတ်ပစ်ကြောင်းပြလေ့ရှိပါတယ်။
သံပြောင်းပြဆိုတာကတော့ ဝစ္စပေါက်နဲ့ အောက်မြစ်တို့ဖြစ်ပါတယ်။ သာမာန်အားဖြင့် သရ ပြီးမှ သံပြောင်းပြသင်္ကေတလာပါတယ်။ သရသတ်ရှိခဲ့ရင် သရသတ်ပြီးမှ သံပြောင်းပြလာပါတယ်။ ခြွင်းချက်အားဖြင့်တော့ အောက်မြစ်ကို အသတ်ရဲ့ရှေ့မှာ နေရာချထားပါတယ်။
ရှုပ်သွားကြပြီလားမသိဘူး။ ဟုတ်ကဲ့ နဲနဲတော့ရှုပ်ပါတယ်။ အလွယ်ပြောရရင် ငယ်ငယ်တုန်းက မြန်မာစာစာလုံးပေါင်းအော်ခဲ့သလိုပဲ နှုတ်ကနေအသံထွက်ပေါင်းကြည့်ပြီးစာရိုက်ရင် အဆင်ပြေမှာပါ။ ခြွင်းချက်အနည်းငယ်ကိုတော့ သပ်သပ်မှတ်ကြတာပေ့ါ။
နောက်တစ်ချက်က အရင် ဝင်းအင်းဝ၊ ဇော်ဂျီတွေမှာ အမြင်အတိုင်းအရင်လာအရင်ရိုက်လို့ပြောခဲ့တယ်နော်၊ အခု ယူနီကုဒ်ကကြတော့ အထက်ကပြောခဲ့တဲ့ သတ်ပုံအစဉ်အတိုင်း အက္ခရာတွေကို ကွန်ပျူတာထဲမှာ သိမ်းပါတယ်။ သိမ်းတဲ့အတိုင်းလည်း လိုက်ရိုက်ရပါတယ်။ ဒါကြောင့်မို့ ကွန်ပျူတာတွေမှာ မူလကတည်းကပါတဲ့ လက်ကွက်တွေမှာဆိုရင် အဲဒီသိမ်းတဲ့အစဉ်အတိုင်းလိုက်ရိုက်ကြရပါတယ်။ အလွယ်ပြောရရင် သဝေထိုးကို နောက်မှရိုက်ရတဲ့လက်ကွက်ပေါ့။ ဒီဟာကလည်း အလေ့အကျင့်ရှိသွားရင် မခက်ပါဘူး။ သင်ပုန်းကြီးမှာ သဝေထိုးကို အရင်အော်ခဲ့ရပေမယ့် အဆင့်မြင့်မြန်မာစာသင်ရိုးမှာကြတော့ အထက်ကပြောခဲ့တဲ့အတိုင်း ဗျည်း ဗျည်းတွဲ သရ သရသတ် သံပြောင်းပြ ဆိုပြီး အစဉ်သတ်မှတ်ထားကြတာမို့ မျက်စိလည်စရာဖြစ်နေတာပါ။ ခုနောက်ပိုင်းမှာတော့ ကွန်ပျူတာမှာစာရိုက်ရတာပိုလွယ်အောင်ဆိုပြီး ဝင်းဒိုးမူလပါလက်ကွက်မှာလည်း သဝေထိုးကိုရှေ့ကအရင်ရိုက်ရတဲ့လက်ကွက်နဲ့ သဝေထိုးကို နောက်ကနေသိမ်းတဲ့အစဉ်အတိုင်းရိုက်ရတဲ့လက်ကွက်ဆိုပြီး နှစ်မျိုးထည့်ပေးလာပါတယ်။ ပြင်ပကထုတ်ကြတဲ့ စမတ်ကီးဘုတ်တွေမှာလည်း သဝေထိုးကိုရှေ့ကနေရိုက်လို့ရအောင်လုပ်ပေး( ရှေ့ကရိုက်သော်လည်း စက်ထဲမှာသိမ်းတဲ့အခါကြတော့ နောက်ကနေပဲသိမ်းပါတယ်) ထားကြပါတယ်။
နောက်တစ်ခု ဝင်းအင်းဝ၊ ဇော်ဂျီရိုက်နေကြသူတွေ ထပ်တွေ့ရတဲ့အခက်အခဲကတော့ အဲဒီလက်ကွက်တွေတုန်းက အပိုအဖြစ်ထည့်ပေးထားတဲ့ အတွဲလိုက်စာလုံးတွေပါ။ ယူနီကုဒ်မှာကြ ဒါတွေက မလိုအပ်တော့လို့မထည့်တာပါ။ ဥပမာ ပြောရရင် -ါ် ဆိုပါစို့။ အဲဒါမျိုးကို ယူနီကုဒ်မှာ လက်ကွက်တစ်ခုအနေနဲ့ ထည့်ပေးမထားတော့ပါဘူး။ ဟုတ်တယ်လေ။ အထက်ကပြောခဲ့တဲ့အစဉ်အတိုင်းလိုက်ရိုက်လို့ရနေပြီပဲမို့လား။ ယပင်းဟထိုး၊ ယပင်းဝဆွဲဟထိုး၊ ကင်းစီးလုံးကြီးတင်ဆံခတ် စတဲ့ အတွဲတွေ အပိုထည့်ပေးထားတာတွေကို ယူနီကုဒ်လက်ကွက်မှာ လိုက်ရှာနေကြတာတွေ ရပ်လိုက်ပါ။ အထက်ကအစဉ်အတိုင်း စနစ်တကျလိုက်ရိုက်လို့ရနေပြီဖြစ်လို့ အဲဒီလို အပိုနေရာအားလုံးမပါတော့ပါဘူး။ ရရစ် ၈ မျိုး၊ နငယ် ၃ မျိုး၊ အောက်မြစ် ၃ မျိုး စတာတွေလည်းမရှိတော့ပါဘူး။ ရရစ် ၈ မျိုးအစား ၁ ခုသာပါပြီး တွဲစပ်တဲ့စာလုံးများအလိုက် ပုံပြောင်းပြပေးတဲ့စနစ်ကိုကျင့်သုံးထားတာဖြစ်ပါတယ်။
အချုပ်ပြောရရင် အခုမှ စာစရိုက်မယ့်သူကို ဝင်းအင်းဝ၊ ဇော်ဂျီလက်ကွက်နဲ့ ယူနီကုဒ်လက်ကွက် နှစ်မျိုးယှဉ်သုံးခိုင်းရင် ယူနီကုဒ်လက်ကွက်နဲ့က ပိုပြီး မြန်ပါတယ်။ အရင် လက်သားကျနေတဲ့သူတွေအတွက်ကတော့ အရင်ဟာကို အစွဲရှိနေရင် ယူနီကုဒ်က စာလုံးတွေမစုံဘူးတို့ ရိုက်ရခက်တယ်တို့ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း ရှေးကဆရာကြီးတွေကပြောခဲ့တာပါ။ စောင်းအတတ်သင်ကြားပေးတဲ့အခါမှာ အရင်တုန်းက သင်ခဲ့ဘူးသူဆိုရင် သင်တန်းကြေးပိုယူပြီး လုံးဝမသင်ခဲ့ဘူးသူဆိုရင်တော့ သင်တန်းကြေးသက်သာတယ်ဆိုတာလိုပါပဲ။ အကြံပြုပါရစေ၊ ယူနီကုဒ်စံမြန်မာစာစနစ်ကိုအသုံးပြုတော့မယ်ဆိုရင် အရင်က ရိုက်ခဲ့တဲ့လက်ကွက်တွေကို လုံးဝမေ့ပစ်လိုက်ပါ။ လက်ကွက်ပြောင်းကျင့်ရတာလည်း မခက်လှပါဘူး။ ကျနော်လို အဖိုးအိုပေါက်စလေးတောင်မှ ဇော်ဂျီလက်ကွက်ကနေ ယူနီကုဒ်လက်ကွက်ကိုပြောင်းတာ ၃ ရက်ပဲ ကြာပါတယ်။ အလေ့အကျင့်ပါပဲခင်ဗျာ။
သဝေထိုးကို ရှေ့ကရိုက်တဲ့လက်ကွက်နဲ့ပဲ ကျနော်တို့ စာစရိုက်ကြည့်ကြရအောင်။ မူလစာလုံးဘေးမှာ တစ်ကွက်ခြင်း အစဉ်အတိုင်းပြပေးပါမယ်။ လိုက်ရိုက်ကြည့်ပါ။
Credit: Ko Kyi Toe



